Pages

Monday, September 7, 2009

`ဆိုပါစို့´

`ဆိုပါစို့´

- ကမ္ဘာကြီးဟာ ရွာကြီးတစ်ရွာ ဖြစ်တယ် ဆိုပါစို့
ရွာကြီးတစ်ရွာ ထဲမှာ ကဗျာဆရာ တစ်ယောက် ရှိတယ် ဆိုပါစို့
ကဗျာဆရာတစ်ယောက် ထဲမှာ သီချင်းတစ်ပုဒ် ရှိတယ် ဆိုပါစို့
သီချင်းတစ်ပုဒ် ထဲမှာ နေကြာပန်းတစ်ပွင့် ရှိတယ် ဆိုပါစို့
နေကြာပန်းတစ်ပွင့် ထဲမှာ ဘုရားသခင် ရှိတယ် ဆိုပါစို့
ဘုရားသခင် ထဲမှာ အဆိပ်ခွက်တစ်ခွက် ရှိတယ် ဆိုပါစို့
အဆိပ်ခွက်တစ်ခွက် ထဲမှာ ငွေစကြေးစ ရှိတယ် ဆိုပါစို့
ငွေစကြေးစ ထဲမှာ ၀ံပုလွေတစ်အုပ် ရှိတယ် ဆိုပါစို့
ဝံပုလွေတစ်အုပ် ထဲမှာ အဏုမြှူဗုံးတစ်လုံး ရှိတယ် ဆိုပါစို့
အဏုမြှူဗုံးတစ်လုံး ထဲမှာ နွေဦး ရှိတယ် ဆိုပါစို့
နွေဦး ထဲမှာ ဂစ်တာတစ်လက် ရှိတယ် ဆိုပါစို့
ဂစ်တာတစ်လက် ထဲမှာ သံလွင်ခက်တစ်ခက် ရှိတယ် ဆိုပါစို့
သံလွင်ခက်တစ်ခက် ထဲမှာ သေနတ်တစ်လက် ရှိတယ် ဆိုပါစို့
သေနတ်တစ်လက် ထဲမှာ အကြမ်းဖက်ဝါဒ ရှိတယ် ဆိုပါစို့
အကြမ်းဖက်ဝါဒ ထဲမှာ နောင်တတရား ရှိတယ် ဆိုပါစို့
နောင်တတရား ထဲမှာ အတ္တ၀ါဒ ရှိတယ် ဆိုပါစို့
အတ္တ၀ါဒ ထဲမှာ အနုပညာ ရှိတယ် ဆိုပါစို့
အနုပညာ ထဲမှာ သေခြင်းတရား ရှိတယ် ဆိုပါစို့
သေခြင်းတရား ထဲမှာ ဘာမှ မရှိခြင်း ရှိတယ် ဆိုပါစို့
ဘာမှ မရှိခြင်း ထဲမှာမှ
ကျွန်ုပ်တို့ ကမ္ဘာကြီးဟာ ချမ်းသာချင်ယောင်ဆောင်ခဲ့တယ်
ဆိုပါစို့…….။ ။

(ရိုးဒီ)
နွယ်နီ , AUG: 07'

`စိတ်ရဲ့ အလျင်´

`စိတ်ရဲ့ အလျင်´

ပင်လယ်၊ နယ်ခြား၊ တောင်ပေါ်၊ ကန္တာရ
သစ်သီး၊ လေအေးပေးစက်၊ ရေကူးကန်
နေလောင်ခံ လိမ်းဆေးခရင်မ်
မကြည့်ဖြစ်သော လက်မှတ်နှစ်စောင်
မသွားဖြစ်သော လမ်းကြောင်းတစ်ခု
မနေဖြစ်သော အခန်းတစ်ခန်း နဲ့
ဟန်ဆောင်တာ မကြိုက်တဲ့ သရုပ်ဆောင်တစ်ယောက်.....

စိတ်ရော ကိုယ်ပါ လျှော့ချကြည့်ပါ
စိတ်နောက် ကိုယ်ပါ လုပ်ခဲ့တာလည်း များပြီပဲ
စိတ်ပါလက်ပါ တွေးကြည့်ဖို့ထက်
စိတ်လိုလက်ရ လုပ်နိုင်သလောက်ဆိုရင်...
စိတ်သွားတိုင်း ကိုယ်ပါနိုင်ဦးမလား။ ။

(သိင်္ဂါရ)
22nd August 2009

`ကျန်ရစ်သူ မိသားစု´

`ကျန်ရစ်သူ မိသားစု´

- အခုတော့…..
အိမ်ကလေး ရဲ့ မိုးလေ၀သမှာ
စာကြည့်စားပွဲလေးလည်း မီးခိုးတိတ်
မီးဖိုချောင် မီးသီးလေးလည်း ကျွမ်း
အိမ်ရှေ့ ၀င်းတံခါးလေးလည်း
သံဆူးကြိုး မဲ့ ခဲ့ ပြီ…
ညှိုးရော်နေတဲ့ ခြံဝင်းထဲ
တခြမ်းပဲ့ မေတ္တာလမ်း
နွေ ၀င်္ကပါ
တရားသံ အဆုံးမှာ
မျက်ရည်နဲ့ ရေစက်ချခဲ့သူ
အိမ်ရှင်မရဲ့အလွမ်းတွေ
အမှောင်ထဲ ငေးငေးရီရီ။ ။

(ရိုးဒီ)
< ကာတွန်းမျိုးလေး သို့ >

“ ကဲ.....ပြောပြနေရတုန်း ”

“ ကဲ.....ပြောပြနေရတုန်း ”

နှုတ်ခမ်းနီ ၀တ်ထားတဲ့
တူညီဝတ်စုံတွေ ဖြတ်ပြေးသွားတယ်.....
မင်းက ဘယ်နေရာမှာ ရှိနေတာလဲ။
လွန်ခဲ့တဲ့ နှစ် ၅၀ က မျက်မှန်ကိုင်းကြီးများနဲ့
ခါးဆိုလည်း မတ်ထားတယ်။
မင်းက ဘယ်နေရာမှာ ရှိနေတာလဲ။
ဘယ်လမ်း ဘယ်ကို ဆိုတဲ့ မြေပုံသိရုံ နဲ့
မသွားဘဲ ရောက်ပြီးထားသလို အိုက်တင်မျိုး
ဆယ့်လေးငါးကျပ်တန် သရော်ပြုံး
တွဲခိုတတ်တုန်းပဲလား။
မင်းက ဘယ်နေရာက ကြည့်နေတာလဲ။
လေ၀င်လေထွက်လည်း ကောင်းခဲ့ကြပါတယ်...
ဘာကောင်ကြီး ထွက်လာမလို အသံမျိုးနဲ့
တစ်နေကုန်ပဲ ထိုင်အော်နေတော့မလား
မင်းက ဘယ်နေရာမှာ ရှိနေတာလဲ။
လန်းတယ် ဆန်းတယ် အနုံဥာတ အာ' နဲ့
စိတ်ကို ကျောင်းထား...
ယောဂတွေမှာပဲ ခံစားနေဆဲလား...
သူတို့က မင်းကို တစ်နေရာက ကြည့်သွားတာ...။

ဖြစ်ပြီးရင်တော့ ပျက်ကြစမြဲပဲ ပြောပေါ့။
ပြီးမှ ဘာလေးညာလေး လုပ်ချင်မိတယ်ညှိ
ဘာမှမသိတဲ့သူတွေ ကျန်နေဦးမှာပါလေ...
နွေ.....ပါပဲ
အလျှောက်အလှမ်းကတော့ နွေ...ပါပဲ
အ၀ိုင်းနဲ့ ကြက်ခြေခတ် ကစားသော ကလေးအထာ
မကျေညက်လို့သာ
ထပ်ထပ် ကစားရတာလို့ သဘောထား
ငါတို့.....
ဒီလို ပြောဖြစ်ကြတာတောင်
နှစ်သံသရာလောက်က
ငြိဖူးခဲ့ကြတာ ရှိသေးလို့...။
ဘေးဘီဝဲယာထက်
အာရုံစိုက်သင့်တာကတော့
မင်းက ဘယ်နေရာမှာ ရှိနေတာတဲ့လဲ။ ။

( သိင်္ဂါရ )
21st August 2009

' Chatting '

' Chatting '

- ပြီးပြီးရောပဲ ပြောနေကြတော့မလား...။
ငါတို့ ဂဃနဏ သိဖို့ လိုအပ်လာ...
စိတ်ကို မသတ်နဲ့
အနာဂါတ်ကို အဆိပ်မခတ်နဲ့
ရိုးသားမှုအလျဉ် အတိုင်း လှော်ခတ်ကြဖို့
Nice to meet you လို့တော့ စ´ပြောခဲ့ကြတာချည်း
ဘယ်သူ့ ဘယ်သူမှ အပန်းဖြေစရာ လို့သာ မထင်ကြေး
ကိုယ်ကျင့်တရား နဲ့ သီလ အကြောင်း
အထင်ကရ ဂုဏ်တင်သော နိုင်ငံမှာ
သူတို့ သိက္ခာမဲ့သလို မင်းလည်း.....။

- လွတ်မြောက်ကြရအောင်ပါ...
အနီးစပ်ဆုံး တစ်ဦးတစ်ယောက်အတွက်ပဲ ဖြစ်ဖြစ်ပေါ့
ဘယ်လောက် ကျေးဇူးပြုခဲ့ဖူးသတဲ့လဲ...။
တွေးလိုက်...
မှိုင်းတိုက်နေတဲ့ လောင်းရိပ်ကတော့ ရှိနေမှာ
ကိုယ့် ၀င်လေထွက်လေနဲ့ ကိုယ် ရှင်းမြဖို့ပဲ စဉ်းစား
တစ်ခေတ် တစ်ယောက်အထိတော့ မလိုအပ်ပါဘူးကွယ်
အိပ်ရာဝင်...
တနေ့တာအပေါ် ကျေနပ်ဖို့မျှ.....။ ။

(သိင်္ဂါရ)
29th August 2009

“ ဆိုရိုးစကားတွေ နဲ့ ရင့်မှည့်လာတဲ့ ပန်းသီး ”

“ ဆိုရိုးစကားတွေ နဲ့ ရင့်မှည့်လာတဲ့ ပန်းသီး ”

ခုနစ်ထပ်လောက် ဆင့်ထားတဲ့ ဆံပင်နဲ့
ရောင်ပြေးလေး လျှမ်းပြတော့
သာသာယာယာတွေးမိ
ဖန်စီမကျတာအထိ အခုမှ စတယ်....
အားလုံး..... တွေ ချည်းပါပဲကွယ်
မီးတစ်ချက် တောက်' ကစားပြရင်
ရင်သပ်ရှုမောသွားတတ်မြဲ...။

ဆန် နဲ့ စပြီး ဆန် နဲ့ ဆုံးတယ်
နှစ်လေးငါးဆယ် တွေးကြည့်တဲ့အခါကျ
လှော်တက်ကို တစ်ချက်မကူနိုင်တောင်
လှေဝမ်းထဲက ရေ' ခပ်ထုတ်ရုံတတ်မှ
ငါတို့လည်း ဘာမှ မကူနိုင်ဘူး
မင်းက
ဒါလေးတစ်ခုတော့
သူလိုငါလိုသာ တွေးလိုက်ပါ။ ။

( သိင်္ဂါရ )
21st August 2009

" နာကျင်မှု နဲ့ အခက်အခဲ "

လင်းယုန်တစ်ကောင်ဟာ သက်တမ်း ၇၈ နှစ် ၀န်းကျင် အသက်ရှင်နေနိုင် ပါတယ်။ လင်းယုန် ဆိုတာက ကောင်းကင်မှာ သတ္တိရှိရှိ အင်အားအပြင်းဆုံးပျံနိုင်တဲ့ငှက်မျိုးပါ။ ဒါပေမယ့် သက်တမ်း ၄၀ လောက်ရောက်လာတဲ့အခါ လင်းယုန်တွေဟာ ကောင်းကောင်း မပျံနိုင်တော့ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ သူတို့နှုတ်သီးတွေဟာ ကွေးလာပြီး ရင်ဘတ်နား ထိအောင် စိုက်ကျလာမယ်။ လက်သည်းတွေဟာ အလွန်ရှည်လျားလာပြီး အစာ ရှာဖို့ ခက် လာမယ်။ အဲဒါ လင်းယုန်တိုင်း ပါပဲ.....။
အဲဒီ့မှာ ရွေးစရာ လမ်းနှစ်ခု ရှိတယ်...။
တစ်ခုက ကောင်းကောင်းမပျံနိုင်တော့ဘဲ သေပွဲဝင်မယ့်နေ့ ကို ထိုင်စောင့်ဖို့...။
နောက်တစ်ခုကတော့ ကျန်နေတဲ့ ၃၈ နှစ် ကို ကောင်းစွာ ပျံသန်းရင်း အသက်
ဆက်ရှင်ဖို့...။
အဲ.....ဆက်ပြီး ရှင်သန်ဖို့ ဆိုရင်တော့ ဖြစ်စဉ်တစ်ခုကို မဖြစ်မနေ ဖြတ်သန်း ရပါမယ်။ အဲဒီ့ ဖြစ်စဉ်နာမည်က " Pain & Difficulties " " နာကျင်မှု နဲ့ အခက်အခဲ " တဲ့။
ပထမဆုံး ကျောက်တောင်ထိပ်ကြီးတွေကို ပျံသန်းသွားရမယ်၊ ကျောက်တောင် ထိပ်ပေါ် ရောက်ရင် နှုတ်သီးကို ကျောက်သားတွေနဲ့ ဖဲ့ရိုက်ချိုးပစ်ရမယ်၊ တစ်ခါ နှုတ်သီးနဲ့ လက်သည်းတွေကို ဆွဲခွာပြီး နှုတ်ပစ်ရမယ်၊ ဘယ်လောက်များ နာကျင်လိုက်လေမလဲ.....။
ဘယ်လောက်များ ခက်ခဲလိုက်လေမလဲ.....။ ကိုယ်တိုင် လုပ်ရတာ၊ အသက်ရှင်ချင်သူ ကိုယ်တိုင် လုပ်မှ ရတာမျိုးပေါ့...။
ပြီးရင်တော့ ရက်နည်းနည်း ကြာအောင် တောင်ထိပ်မှာနေပြီး လက်သည်းတွေ၊
နှုတ်သီးတွေ အသစ်ပြန်ထွက်ပြီး အသားကျလာတဲ့အထိ စောင့်ရမယ်။ အဲဒီ့နောက်...ကျန်ရှိတဲ့
သက်တမ်း ၃၈ နှစ် ကို ဆက်လက် ရှင်သန်ခွင့် ရသွားပါပြီ.....။
ဒုတိယ နည်းလမ်းကို ရွေးချယ်တဲ့ လင်းယုန်တွေ အများကြီးရှိပါတယ်။
ကျွန်တော်တို့က လူသားတွေပါ...၊ လင်းယုန်ဆိုတဲ့ ငှက်တွေတောင် အသက်
ဆက်ရှင်ဖို့ အတွက် “နာကျင်မှု နဲ့ အခက်အခဲ” ဖြစ်စဉ်ကိုကျော်လွန်ရမှာမျိုး ရွေးချယ်ရဲသေးရင် ကျွန်တော်တို့လို လူသားတွေက ရည်မှန်းချက်ပန်းတိုင်တွေဆီ အရောက်သွားဖို့၊ ဆက်လက် ရှင်သန်နေထိုင်ဖို့ “နာကျင်မှု နဲ့ အခက်အခဲ ” ဆိုတာတွေ ကြုံလာရင် မဖြစ်မနေ ရင်ဆိုင်ရဲ ရမှာပေါ့ဗျာ.....။
တစ်ခါတစ်ရံ ကျွန်တော်တို့ လိုချင်တဲ့ ပန်းတိုင်ကို အရောက်သွားဖို့ ကျွန်တော် တို့တတွေ အရမ်းနာကျင်ကြရမယ်၊ အခက်အခဲတွေမရေတွက်နိုင်အောင် ကျော်ဖြတ်ကြရမယ်။
အဲဒီ့အခါ “နာကျင်မှုနဲ့အခက်အခဲ”ဆိုတာတွေကိုကျွန်တော်တို့အတူကျော်ဖြတ်ကြရအောင်ပါ..။
ဘာလို့လဲ ဆိုတော့ ကျွန်တော်တို့အားလုံး ကျန်နေသေးတဲ့ သက်တမ်းတွေကို
အဓိပ္ပာယ်ရှိရှိ ရှင်သန်သွားကြမှာမို့၊ ကျွန်တော်တို့တတွေဟာ လက်မြှောက်အရှုံးပေးကြမယ့် သူတွေ မဟုတ်ကြလို့ပါပဲ.....။

About of Men & Women

အိုဘယ့် မိန်းမ...

> ရုပ်အဆင်းလှရင် အချက်အပြုတ်မကျွမ်း၊ ချက်တာပြုတ်တာ ကျွမ်းကျင်တော့ မနူးညံ့ပြန်၊
နူးညံ့နွဲ့နှောင်းတော့ ကိုယ်ပိုင်အတွေးအခေါ်က မရှိ၊ ကိုယ်ပိုင်အတွေးအခေါ် ရှိတာကျတော့
ယောက်ျားဆန်၊ မိန်းမပီပီနေတော့အသုံးအဖြုန်းကကြီး၊ချွေတာစုဆောင်းတတ်တာကျတော့
ခေတ်ရေစီးကို လိုက်မမှီ၊ ခေတ်မှီတာကျတော့ စိတ်မချရ၊ စိတ်ချရတာကျတော့ ဘယ်လိုမှ
ကြည့်လို့မလှပြန်။
...............................................................................။

အိုဘယ့် ယောင်္ကျား...

> အရည်အချင်းရှိရင် ရုပ်ဆိုးမယ်၊ ရုပ်ချောရင် ငွေမရှာတတ်ဘူး၊ ပိုက်ဆံရှာတတ်ရင်
အိမ်ထောင်ရေးကို အလေးမထားပြန်ဘူး၊ အိမ်ထောင်ရေးပိုင်းမှာ ဖိစီးပြန်ရင် တခြားကိစ္စမှာ
မဖြစ်ထွန်းဘူး၊ အရာရာ ဖြစ်ထွန်းအောင်မြင်တယ်ဆိုတဲ့လူမျိုးကျတော့ အနုအရွလေးတွေနဲ့
ရိုမက်တစ်မဆန်တတ်ပြန်ဘူး၊ အီစီကလီကျွမ်းကျင်ပြီး ရိုမက်တစ်ဆန်တတ်ပြန်တော့
စိတ်ချအားကိုးလို့ မရဘူး၊ အားကိုးရတဲ့ လူမျိုးကျတော့ ခိုင်းစားလို့ရရုံကလွဲပြီး ဖိုသီဖတ်သီ
နဲ့ အပေအတေတစ်ယောက်လို နေမယ်။
...............................................................................။

ဒါကြောင့်................................

> ပါးနပ်တဲ့ ယောင်္ကျားနဲ့ ဥာဏ်ရှိတဲ့ မိန်းမတွေ့ရင် ရိုမက်တစ် ဆန်တဲ့ အချစ်မျိုး ဖြစ်လာ နိုင်တယ်။

> ပါးနပ်တဲ့ ယောင်္ကျားနဲ့ အူတူတူ မိန်းမနဲ့ ဆိုရင် တိတ်တိတ်ပုန်းအချစ်တွေ ဖြစ်လာနိုင်တယ်။

> ဥာဏ်ရှိတဲ့ မိန်းမနဲ့ တုံးအတဲ့ ယောက်ျား တွေ့ရင်တော့ အိမ်ထောင်ပြုသွားနိုင်မယ်။

> ယောင်္ကျားရော မိန်းမပါ ငထုံငအတွေ ဆိုရင်တော့ ကိုယ်ဝန်ပါ ရသွားနိုင်ပါတယ်... တဲ့။

> ဟီးဟီး.....ဘာပြောရမလဲ မသိတော့ဘူးဗျာ..။
-----------------------------------------------------------------။

ပြီးတော့....

> မိန်းမတွေဟာ အနာဂတ်အတွက် စိတ်ပူကြတာ ယောင်္ကျား ရသွားတဲ့ အထိပဲ။

> ယောင်္ကျားတွေ ကျတော့ မိန်းမ မရမချင်း အနာဂတ်ဆိုတာကို ခေါင်းထဲမထည့်ကြဘူး။

> အောင်မြင်တဲ့ ယောင်္ကျား ဆိုတာ သူ့မိန်းမ သုံးဖြုန်းတာထက် ပိုရှာနိုင်တဲ့လူကို ခေါ်တာ။

> အောင်မြင်တဲ့ မိန်းမကျတော့ အဲသလို ယောက်ျားမျိုး ရှာနိုင်သူ ကို ခေါ်တာတဲ့။

-----------------------------------------------------------------။

(လူရှိန်အောင် အောက်မှာ E လိုလေးပါ ထပ်ထည့်ပေးလိုက်တယ်။)

> ROMANCE MATHEMATICS

> Smart man + Smart woman = Romance
> Smart man + Dumb woman = Affair
> Dumb man + Smart woman = Marriage
> Dumb man + Dumb woman = Pregnancy

> GENERAL EQUATIONS & STATISTICS

> A woman worries about the future until she gets a husband.
> A man never worries about the future until he gets a wife.
> A successful man is one who makes more money than his wife can spend.
> A successful woman is one who can find such a man.